မူးယစ်ဆေးဝါးဖမ်းဆီး မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီးဆေးကုသမှုခံယူနေသူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့်အရပ်သား နှစ်ဦးတို့အား ထောက်ပံ့ငွေများပေးအပ်
=========================================================
ဘားအံ ဇန်န၀ါရီ ၂၅
နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီး မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး ဘားအံဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦးတို့အား ဇန်န၀ါရီလ ၂၄ ရက်နေ့ ညနေ ၁၅း၃၀ နာရီအချိန်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းနှင့် ဒုတိယရဲမှူးကြီး ကံဝင်းတို့က ထောက်ပံ့ငွေများပေး အပ်ခဲ့ပြီး အားပေးစကားများလာရောက်ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သော ရဲအုပ် သက်စိုးဦးနှင့် ဒုရဲအုပ် ပုလဲမြတို့နှစ်ဦးအား တစ်ဦးလျှင် တစ်သိန်းကျပ်စီ ကိုလည်းကောင်း၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦးတို့ကို တစ်ဦးလျှင်တစ်သိန်းကျပ်စီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာတွင် ရဲချုပ်ကိုယ်စား ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများမှာ ဇန်န၀ါရီလ(၂၃)ရက်နေ့၊ နေ့လည် (၁)နာရီခွဲအချိန်ခန့်ကရွှေဆိုင် လုယက်မှုဖြင့် အလိုရှိသည့် တရားခံပြေး KNU/KNLA(PC) မှ ဗိုလ်ကြီးအဆင့်ရှိ စောလီညွှန့်(ခ)နဂါး(ခ)လက်ညိုးဦးဆောင်သောအဖွဲ့သည် ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာနေ KNU/KNLA(PC) မှ
ဒုဗိုလ်အဆင့်ရှိ ဦးစောချစ်ချုံ၏နေအိမ်၌ အခြေပြုကာ အဖွဲ့အစည်းအမည်
အသုံးပြုကာ လက်နက်ကိုင်ဆောင်မူးယစ်ဆေးဝါး ရောင်းချသည့် နေရာအား နယ်မြေခံတပ်မှ အပြင်စည်လုံခြုံရေးဆောင်ရွက်ပြီး ရဲအုပ် သက်စိုးဦး ဦးစီးပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက်စီးနင်းရှာဖွေစဉ် နေအိမ်အတွင်းမှ လက် နက်ငယ်များဖြင့် စတင်ပစ်ခတ်ရာမှ နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားစဉ် ရဲအုပ် သက်စိုးဦးမှာ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊၀ဲခြေသလုံး ကျည်ရှပ်ထိဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)၊ ဒုရဲအုပ် ပုလဲမြမှာ နှစ်ဘက်ပစ်ခတ်စဉ် သေနတ်ကျည်ကုန်သွား၍ ပြန်လည်ပစ်ခတ်သူတစ်ဦး၏ သေနတ်အား ခြေထောက်ဖြင့်ဖြတ်ကန်ကာ လုံထွေးဖမ်းဆီးစဉ် ယာခြေကျင်းဝတ်နာကျင်ဒဏ်ရာရရှိခဲ့ဖြစ်ပြီး အရပ်သားနှစ်ဦးအနက် ယာဉ်မောင်းလိုက်ပါသွားသော ××××မှာ ၀ဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ဦး××××မှာ ယာဘက်ရင်ဘတ်
ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်တို့အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ပြန်လည်ပစ်ခတ်သည့်ဘက်မှ ဒဏ်ရာဖြင့် ကျား(၃)ဦးအပါအ၀င် စုစုပေါင်း အမျိုးသား(၇)ဦး၊ အမျိုးသမီး(၃)ဦးတို့ကို WYစိတ်ကြွဆေးပြား(၆၁၀၀)ပြား၊ လက်နက်မျိုးစုံ(၆)လက်၊ ကျည်အိမ်(၃၂)ခု၊ ကျည်မျိုးစုံ (၄၂၄)တောင့်၊ 40မမဗုံးသီး(၂၄)လုံး၊ မော်တော်ယာဉ်(၂)စီး၊ဆိုင်ကယ်တစ်စီး၊ KNU/KNLA(PC)တံဆိပ်ပါ စစ်ဝတ်တန်ဆာများ၊ ရာထူတံဆိပ်များနှင့်စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

No comments:
Post a Comment