အမှားအယွင်းများလုပ်ခဲ့မိကြောင်း ဝန်ခံလိုက်ရသည့်
ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်
(မင်းမြတ်စံ)
နောက်ဆုံးတော့ ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ ဘီလီယံနာလေး မာ့ခ် ဇူကာဘတ်တစ်ယောက် ဆိတ်ဆိတ်နေခြင်းကိုချိုးဖောက်လျက် ဖေ့စ်ဘွတ်ခ်သည် သန်းချီသောဖောက်သည်များနှင့်ပတ်သက်၍ အမှားအယွင်းများ လုပ်ခဲ့မိကြောင်း ဝန်ခံလိုက်ရပြီဖြစ်သည်။
ကမ္ဘာတဝန်း လစဉ်သုံးစွဲသူ သန်းနှစ်ထောင်ကျော် ရှိနေသည့် ဖေ့စ်ဘွတ်ခ်အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက်များကို မည်သို့အသုံးချနေကြောင်း အမေရိကန် ပြည်ထောင်စုနှင့်တကွ ကမ္ဘာတလွှားက မာ့ခ်ဇူကာဘတ်ကို အပြင်းအထန် မေးခွန်းထုတ်ခဲ့ကြသည်။
အကြောင်းကတော့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်၏ မဲဆွယ်အဖွဲ့အတွက် အကြံပေးကုမ္ပဏီဖြစ်သည့် လန်ဒန်အခြေစိုက် Cambridge Analytica သည် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ သန်း ၅၀ ကျော်၏ ကိုယ်ရေးအချက်အလက်များကို ရယူထားပြီး ယင်းအနက် ၆ သန်းကျော်ကို ဒေါ်နယ်ထရမ့်အား မဲပေးရေး လှုံ့ဆော်ခဲ့ကြောင်း သတင်းထွက်ပေါ်လာခြင်းက အဓိကဖြစ်သည်။
ယင်းအဖြစ်သည် ဖေ့စ်ဘွတ်ခ်က ကြေညာထားသည့်မူဝါဒကို ချိုးဖောက်ခဲ့ခြင်းဖြစ်၍ ဖေ့စ်ဘွတ်ခ်သိက္ခာ ကျဆင်းခဲ့ရခြင်းနှင့်အတူ ရှယ်ယာဈေးပါ ပြုတ်ကျခဲ့ရာ ဖေ့စ်ဘွတ်ခ်သည် ရှယ်ယာတန်ဘိုး ဒေါ်လာဘီလီယံ ၆၀ အထိပင် ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။ လတ်တလောအားဖြင့်လည်း ဖေ့စ်ဘွတ်ခ်သည် ၄င်းကွန်ရက်ထဲမှ ဖွံ့ဖြိုးရေးမိတ်ဖက် Cambridge Analytica ကို ဖယ်ထုတ်ထားပြီး ယင်းမှ စီအီးအို အလက်ဇန္ဒားနစ်သည်လည်း တာဝန်မှ ရပ်စဲခံထားရသည်။
ဇူကာဘတ်က ယုံကြည်မှုချိုးဖောက်ခြင်း ဖြစ်ပွားခဲ့ကြောင်းနှင့် နောင်တွင် သုံးစွဲသူများ၏အချက်အလက်များ လုံခြုံအောင် ဆောင်ရွက်သွားမည်ဟု မတ် ၂၂ ရက်၌ ကတိပြုလိုက်သည်။ သုံးစွဲသူများ၏ ဒေတာများကိုကာကွယ်ရန် ဖေ့စ်ဘွတ်ခ်တွင် တာဝန်ရှိကြောင်း၊ မကာကွယ်နိုင်လျှင် ဝန်ဆောင်မှုပေးရန် မထိုက်တန်ကြောင်း၊ ၄င်းသည် ဖေ့စ်ဘွတ်ခ်ကို စတင်ခဲ့သူဖြစ်ရာ ယင်းလမ်းကြောင်းပေါ်တွင် ဖြစ်ပျက်သမျှ ၄င်းတာဝန်ယူကြောင်းလည်း ပြောဆိုခဲ့သည်။
ဇူကာဘတ်က ဒေတာလုံခြုံမှု သိသိသာသာ တင်းကျပ်ခဲ့သည့် ၂၀၁၄ မတိုင်မီ ဖေ့စ်ဘွတ်ခ်မှ အချက်အလက် အများအပြားပေါက်ကြားခဲ့အားလုံး စုံစမ်းစစ်ဆေးသွားမည်၊ သံသယရှိဖွယ် အပြုအမူရှိသည့် ဆက်စပ်အပလီကေးရှင်း မှန်သမျှ စာရင်းစစ်မည်၊ စာရင်းအစစ်မခံလျှင် ပိတ်ပင်မည်၊ ပုဂ္ဂိုလ်ရေးအချက်အလက်များ တလွဲအသုံးချသည့် ဒဲဗလိုဗာများကိုလည်း ပိတ်ပင်မည်ဖြစ်ကြောင်းပြောသည်။
အနာဂတ်တွင်လည်း ဖေ့စ်ဘွတ်ခ်သည် အခြားအလွဲသုံးစားမှုများကာကွယ်ရန် ဖွံ့ဖြိုးရေးတွဲဘက်ဆောင်ရွက်သူ ဒဲဗလိုဗာများကို ကန့်သတ်သွားမည်၊ သုံးလအတွင်း သက်ဝင်လှုပ်ရှားမှုမရှိသည့် သုံးစွဲသူများ၏ဒေတာများကို ဒဲဗလိုဗာများထံမှ ပယ်ဖျက်သွားမည်စသဖြင့် ပြောသည်။ Cambridge Analytica ပါဝင်ပတ်သက်ခဲ့သည့် ထူးခြားဖြစ်စဉ်မျိုး နောက်ထပ် မဖြစ်စေရန်လည်း ကြိုးပမ်းသွားမည်ဖြစ်ပြီး ယခုအတွေ့အကြုံများမှသင်ယူလျက် ရှေ့အဖို့ မိမိတို့လူမှုအသိုင်းအဝိုင်းမှ လူတိုင်း ပိုမိုလုံခြုံစိတ်ချစေမည့် ကွန်ရက်ဖြစ်အောင် ဖန်တီးသွားမည်ဟုလည်း ဇူကာဘတ်ကပြောသည်။
ဇူကာဘတ်သည် ဝန်ခံပြောကြားမှု ပြုခဲ့စေကာမူ သုံးစွဲသူများကို တောင်းပန်ခြင်းမရှိခဲ့ဟု ဘီဘီစီမှ နည်းပညာဆန်းစစ်သူ ဒေ့ဗ်လီးကဆိုသည်။ ဖေ့စ်ဘွတ်ခ်သည် ဖြစ်ပျက်ခဲ့သမျှအတွက် အပြစ်ခံယူရန် ပြင်ဆင်ထားခြင်းမရှိကြောင်း၊ ဇူကာဘတ်၏ ထုတ်ပြန်ချက်တွင် နောင်တရမှုလည်း မည်သည့်အခါမျှ မတွေ့ရကြောင်းပြောသည်။ ထိုစဉ်က(၂၀၁၄ မတိုင်ခင်) ဒေတာမူဝါဒအရ ဖြစ်ပျက်ခဲ့သမျှအတွက် သုံးစွဲသူများ၊ ရင်းနှီးမြှပ်နှံသူများ သို့မဟုတ် ဝန်ထမ်းများအား တောင်းပန်ခြင်းမပြုခဲ့ဟု ဒေဗ့်လီးကပြောသည်။ ဖေ့စ်ဘွတ်သုံးစွဲသူတို့အနေဖြင့် ၄င်းတို့ဒေတာများက ၄င်းတို့အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သတင်းပေးရန် ဖေ့စ်ဘွတ်ခ်ကပျက်ကွက်ခဲ့ခြင်းကိုလည်း အကြောင်းရင်း ရှင်းမပြခဲ့ဟုလည်း စွပ်စွဲခဲ့သည်။
ယင်းကြောင့် ဇူကာဘတ်၏စကားလုံးများသည် ဖြေရှင်းချက်မဟုတ်ဘဲ ဥပဒေကြောင်းနှင့် နိုင်ငံရေးအရ ခုခံကာကွယ်မှုသာဖြစ်ကြောင်း၊ ဖေ့စ်ဘွတ်ခ်သည် စစ်မျက်နှာမျိုးစုံဆီ ဦးတည်နေပြီဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။
၂၀၁၄ ခုနှစ်က ဖေ့စ်ဘွတ်ခ်သည် ကင်းဘရစ်တက္ကသိုလ် သုတေသီ ဒေါက်တာ အလက်ဇန္ဒားကိုဂန်၏ This is Your Digital Life အစီအစဉ်အတွက် သုံးစွဲသူများကို မိမိတို့၏ ဥပဓိရုပ်အမျိုးအစားကို အကဲဖြတ်ပေးလိုက အချက်အလက်များပေးပို့ရန် ဖိတ်ခေါ်ခဲ့သည်။ သုံးစွဲသူ ၂၇၀၀၀၀ က အချက်အလက်များပေးပို့ခဲ့သည်။ သို့သော် အစီအစဉ်က ၄င်းသုံးစွဲသူများအပြင် ၄င်းတို့၏မိတ်ဆွေများထံမှ အချက်အလက်များကိုပါ စုဆောင်းရယူခဲ့ဖူးသည်။
အဆိုးဆုံးကတော့ ယင်းအချက်အလက်များအပါအဝင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သန်း ၅၀ ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ခွင့်ပြုချက်မယူဘဲ Cambridge Analytica က တလွဲအသုံးပြုခဲ့သည် ဆိုခြင်းပင်ဖြစ်သည်။ ပထမဆုံး ထုတ်ဖော်ပြောကြားလိုက်သူက Cambridge Analytica ဝန်ထမ်း ခရစ္စတိုဖာဝိုင်းလီ ဖြစ်ပြီး ယင်းကိစ္စသည် ကင်းဘရစ် တက္ကသိုလ်နှင့်မူ မပတ်သက်ဟုဆိုသည်။ ဖေ့စ်ဘွတ်သုံးစွဲသူ အမေရိကန်များ၏ ပရိုဖိုင်းကို စိတ်ဓာတ်ရေးရာ အကဲဖြတ်ပြီး ဒေါ်နယ်ထရမ့်လိုလားသူများထံ မဲဆွယ်လှုံ့ဆော်မှုများ ပေးပို့ခဲ့ကြောင်း ပြောသည်။
တဖန် Cambridge Analytica ၏ ဥက္ကဌ အလက်ဇန္ဒားနစ်ကလည်း ၄င်းသည် ဒေါ်နယ်ထရမ့်နှင့် အကြိမ်များစွာ တွေ့ဆုံခဲ့ကြောင်း၊ ထရမ့်မဲဆွယ်ရေး အချက်အလက်များ ခွဲခြမ်းစိတ်ဖြာမှုများ ပစ်မှတ်များအားလုံးကို ၄င်းတို့ကပင် သုတေသနလုပ်ပေးခဲ့ကြောင်း၊ ဒီဂျစ်တယ်မဲဆွယ်မှု ရုပ်သံမဲဆွယ်မှုနှင့် ဒေတာအားလုံး မဟာဗျူဟာအားလုံး ချမှတ်ပေးခဲ့ကြောင်းကို ကြွားဝါပြောဆိုခဲ့ပြီး ယင်းပြောဆိုချက်ကို လျှို့ဝှက်မှတ်တမ်းတင်ကာ ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ခံခဲ့ရ၍ များစွာ ဂယက်ရိုက်ခဲ့ခြင်း ဖြစ်သည်။
ဖေ့စ်ဘွတ်ကတော့ ၄င်းတို့အနေဖြင့် ကျိုးကြောင်းဆီလျော်စွာဆောင်ရွက်ခဲ့ပြီး Cambridge Analytica သည် အချက်အလက်များကို ပယ်ဖျရန်တာဝန်ရှိသည်ကို ပျက်ကွက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ အလက်ဇန္ဒားနစ်လည်း တာဝန်မှ ဆိုင်းငံ့ခံထားလိုက်ရပြီး Cambridge Analytica ကိုလည်း ဖေ့စ်ဘွတ်ခ်ကွန်ရက်ထဲမှ ဖယ်ထုတ်ခဲ့ခြင်းဖြစ်သည်။
နစ်၏ထုတ်ဖော်ချက်အရဆိုလျှင် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ပြည်နယ်သုံးခု၌ ထရမ့်အနိုင်ရအောင် ဖေ့စ်ဘွတ်ဒ်ဒေတာများ အသုံးပြုကူညီခဲ့သည့်သဘောဖြစ်ရာ ဖေ့စ်ဘွတ်မူဝါဒကို ဆန့်ကျင်ရုံမက အမေရိကန်ရွေးကောက်ပွဲ ဥပဒေကိုပါ ချိုးဖောက်ရာရောက်ခဲ့သည်။ ယင်းကြောင့်လည်း ရီပတ်ဘလီကန်အမတ် ဂျွန်ကနေဒီနှင့် ဒီမိုကရက်အမတ် အေမီ ကလိုဘိုချာအပါအဝင် အမေရိကန်လွှတ်တော်အမတ်အတော်များများက သုံးစွဲသူအချက်အလက် ကာကွယ်ရေးနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ် ဥက္ကဌ ဇူကာဘတ်ကို လွှတ်တော်ရှေ့မှောက်၌ မေးမြန်းလိုကြောင်း ပြောဆိုထားသည်။
ထို့အတူ စားသုံးသူအကျိုးစောင့်ကြည့်နေသည့် အမေရိကန်ကုန်သွယ်ရေးကော်မရှင်ကလည်း ဖေ့စ်ဘွတ်ခ်ကို စုံစမ်း မေးမြန်းခွင့်ရရန် တောင်းဆိုထားသည်။
ဥရောပပါလီမန်အကြီးအကဲကလည်း ဖေ့စ်ဘွတ်ခ်သည် အချက်အလက်များ တလွဲသုံးခဲ့သည်ကို စုံစမ်းစစ်ဆေးရမည်ဟု ပြောဆိုခဲ့သည်။ ထိုမျှမက ဥရောပသမဂ္ဂသည် နှစ်စဉ်အမြတ်ငွေ ယူရိုသန်း ၇၅၀ အထက် ရရှိသည့် နည်းပညာကုမ္ပဏီကြီးများကို အထူး ဒီဂျစ်တယ်အခွန်ကောက်ခံရန် မတ် ၂၁ ရက်တွင် အဆိုပြုခဲ့ရာ ပစ်မှတ်တွင် ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်တို့ ထိပ်ဆုံးမှပါဝင်နေသည်။
ဗြိတိန်အခြေစိုက်ဖြစ်သည့် Cambridge Analytica ရုံးကို ဝင်ရောက်ရှာဖွေခွင့်ပေးရန် ဗြိတိန် အချက်အလက် ကာကွယ်ရေး တာဝန်ရှိသူများကလည်း တောင်းခံထားသည်။ ဤကဲ့သို့ အဘက်ဘက်က ဖိအားကြီးမားစွာ ဝိုင်းနေပြီး ကုမ္ပဏီတန်ဘိုးလည်း ထိုးကျနေချိန်တွင် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်၏ ဝန်ခံရှင်းလင်းချက်က ပြည့်စုံ လုံလောက်မှုမရှိသေးဟုသာ လေ့လာသူများက သုံးသပ်ကြသည်။
ဖေ့စ်ဘွတ်စီအီးအို ဇူကာဘတ်၏ လက်ထောက်ဖြစ်သည့် စီအိုအို ရှရိုင်းလ် ဆန်းဘတ်ကလည်း အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် စကားတစ်ခွန်းဆိုသည်။ လူတွေရဲ့ ယုံကြည်မှုကို အကြီးအကျယ်ချိုးဖောက်ခဲ့မိပြီ ဟူ၏။
အလွန်ထူးချွန်သည့် ဥာဏ်ကြီးရှင် ဘီလီယံနာလေး မတ်ဇူကာဘတ်နှင့် ဖေ့စ်ဘွတ်ခ်တို့ ကမ္ဘာ့ပြည်သူများ၏ ယုံကြည်မှု ပြန်ရပါမည်လား၊ လူသားများအပေါ် အကောင်းအဆိုး သက်ရောက်မှုကြီးမားလာသည့် လူမှုကွန်ရက်များ၏အနာဂတ်က မည်သို့ဖြစ်လာမည်နည်း။ မဝေးလှသည့် နေ့ရက်များ၌ မျက်ဝါးထင်ထင် မြင်တွေ့ရန် ရှိနေပါကြောင်း။
ခရက်ဒစ်-ဆရာမင်းမြတ်စံ
မြန်မာတိုင်းမ် သတင်းစာမှကောက်နုတ်ဖော်ပြခြင်း
No comments:
Post a Comment