''နားလည်မူ ''
လေဆိပ်မှာ အမျိုးသမီးတစ်ယောက် လေယာဉ်စောင့် နေသည်။ သူမ စီးရမည့် လေယာဉ်က နာရီ ပေါင်းများစွာ ကြာအောင်စောင့်ရ ဦးမည် ဆိုသောကြောင့် လေဆိပ်တွင်း စာအုပ်ဆိုင်မှာ စာအုပ် တစ်အုပ် ဝင်ရှာသည်။ ပြီးနောက် ကွတ်ကီး တစ်ထုပ် ဝယ်ကာ ဧည့်ခန်းမ တစ်နေရာမှာ ထိုင်စောင့် နေလိုက်သည်။
ထို့နောက် သူမသည် စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းက တစ်စုံတစ်ခုကို သတိထား မိလာသည်။
ကြည့်စမ်း။ သူမ နံဘေးမှ သတင်းစာဖတ်နေတဲ့ လူ...။ ဒီလူ အတင့်ရဲ လှချည်လား။
သူတို့ နှစ်ယောက်ကြားမှာ ရှိနေတဲ့ ကွတ်ကီး ထုပ်ထဲက ကွပ်ကီး တွေ တစ်ခုလား နှစ်ခုလား နှိုက်ယူ သည်။ ပြောမနေချင်သည်နှင့် သည်ကိစ္စကို မသိချင် ယောင်ဆောင် နေလိုက်သည်။
အမျိုးသမီး ကွတ်ကီးကို မြုံ့ရင်း စာဆက်ဖတ်သည်။ မကြာခဏ နာရီကို လည်း ကြည့်ရသည်။ အတင့် ရဲ လှသည့် ကွတ်ကီး သူခိုးကြောင့် သူ့အထုပ် ထဲရှိ မုန့်က လျော့သထက် လျော့လာသည်။ နာရီ စက် တချက်ချက်ဖြင့် ရွေ့သည်နှင့်အမျှ သူ့စိတ်ကလည်း တိုသထက် တိုလာသည်။
"အင်း ငါ့လို သိပ်သဘောကောင်းတဲ့ သူမို့သာပေါ့။ နို့မို့မျက်ခွက် ပိတ်ထိုး မိမှာ" ဟု သူ့စိတ်ထဲက ကျိတ် ရေရွတ် လိုက်သည်။
သူ့စိတ်ထဲ ဘယ်လို နေနေ ဟိုလူကတော့ ကွတ်ကီး တစ်ခု ကိုယ်နှိုက်လျှင် သူလည်း တစ်ခုနှိုက် သည်။ နောက်ဆုံးတွင်တော့ အထုပ်ထဲ တစ်ခုတည်း ကျန်သည့်အခါ ဒီလူ ဘာလုပ်မလဲ အမျိုးသမီး စောင့်ကြည့် သည်။
ကြည့်စမ်း။ ပြုံးတုံးတုံးနှင့် ဒီလူ ခပ်ဟက်ဟက် ရယ်လိုက်ရင်း နောက်ဆုံး ကွတ်ကီးကို ကောက်ယူ လိုက်ပြီး နှစ်ခြမ်း ခြမ်းလိုက်သည်။ ပြီးတော့မှ အမျိုးသမီးကို တစ်ပိုင်းပေးပြီး၊ ကျန်သည့် တစ်ပိုင်း သူစားသည်။
အမျိုးသမီး သူပေးသည့် တစ်ပိုင်းကို ဒေါသထွက်ထွက်ဖြင့် ဆတ်ခနဲ ဆွဲယူပြီး ထထွက်လာ ခဲ့သည်။
"ကြည့်စမ်းပါဦးတော်။ ဒီလူ ရဲတင်းရုံမက ရိုင်းလဲရိုင်း သေးတယ်။ ကျေးဇူးတင်တဲ့ အမူအရာ တောင် တစ်စက်ကလေးမှ ပြဖော်မရဘူး။ အံ့ပ"
သူများကွတ်ကီး နှိုက်စားပြီး ကျေးဇူးတင် စကားတစ်ခွန်းမှ မပြောသည့် အဲသည် လူကို တစ်ချက်မျှပင် လှည့်ကြည့်မနေပဲ ကိုယ့် အိတ်တွေ ဆွဲပြီး လေယာဉ်ထွက်မည့် ဂိတ်ဆီ သူထွက်လာခဲ့သည်။
လေယာဉ်ပေါ် ရောက်မှ ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ဖတ်လက်စ စာအုပ် ကို ဆက်ဖတ်ရန် အိတ်ထဲ နှိုက် လိုက်သည်။ အဲသည် အခါကျမှ သူမ အကြီးအကျယ် အံ့အားသင့်ကာ ဟယ်ခနဲ ဖြစ်သွားရသည်။ သူမ ဝယ်လာသည့် ကွတ်ကီး ထုပ်က အသစ်အတိုင်း အိတ်ထဲမှာပင် ရှိနေသည်။
"ငါ့အထုပ် ဒီမှာဆို ဟိုဟာသူ့အထုပ်ပေါ့။" အမျိုးသမီး အကြီးအကျယ်စိတ်ဓာတ်ကျသွားသည်။
"သူ ငါ့ကို စားပါစေလို့ ပေးနေတာကိုး။" ဟိုလူ့ကို သူ အကြီးအကျယ် အားနာသွားသည်။
ခုမှတော့ တောင်းပန်ဖို့ လည်းမဖြစ်နိုင်တော့။ ထို့ကြောင့် သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွား မိသည်။ ခုတော့... သူမသာလျှင် ရိုင်းသောသူ၊ သူမသာလျှင် သူတစ်ပါးမုန့်ကို နှိုက်စားသူ။
ကွတ်ကီး သူခိုးသည် အခြားသူမဟုတ်... သူမသာလျှင် ဖြစ်သည်။
ဒီပုံပြင်လေးက ပေးနေတဲ့ သင်ခန်းစာကတော့ တစ်ခါတစ်လေမှာ ကိုယ့်အမြင်အတွက် သေချာနေ တာတွေကလဲ တကယ်ဆန်းစစ် ကြည့်တဲ့အခါ အမှန် ဖြစ်ချင်မှ ဖြစ်တာ မျိုးပါ။ ဘာပဲ ဖြစ်နေပါစေ ကွတ်ကီးကိုမျှကျွေးခဲ့တဲ့ လူငယ်လို လူသားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် သဘောထား ကြီးပြီး နားလည်မှု ရှိတတ်ကြဖို့ လိုပါတယ်။
Moe Aung
credit/
ဆရာဖေမြင့်ဘာသာပြန်ကို မှီငြမ်းထားသည်။
No comments:
Post a Comment