အိန္ဒိယ ကျောင်းသူကျောင်းသားများ စာခိုးချမှုမရှိစေရေး ရှူးဖိနပ်နဲ့ ခြေအိတ်မဝတ်ရန် သတ်မှတ်
============================================================================================================
အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ အာဏာပိုင်တွေက ကျောင်းသူကျောင်းသားတွေကို စာခိုးချမှုကို ဟန့်တားရန်ရည်ရွယ်ပြီး စာမေးပွဲဖြေဆိုစဉ် ရှူးဖိနပ်နဲ့ ခြေအိတ်များ ဝတ်ဆင်ခြင်းမပြုကြရန် စည်းမျဉ်းသတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
ကျောင်းသူကျောင်းသားတွေက စာမေးခန်းအတွင်း အဖြေတွေပါဝင်တဲ့ မှတ်စုတိုတွေ သိုဝှက်ယူဆောင်လာခြင်း မရှိစေရန် ထိုသို့ စည်းကမ်းသတ်မှတ်ရခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ယခု စည်းကမ်းသတ်မှတ်ချက်ဟာ အိန္ဒိယမှာ ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကျောင်းသား ၁.၅ သန်း ဖြေဆိုကြမယ့် လာမယ့် ဖေဖေါ်ဝါရီ ၂၁ ရက်မှာ အတန်းတင်စာမေးပွဲမှာ စတင်သက်ရောက်မယ်လို့သိရပါတယ်။ ဘီဟာပြည်နယ်ဟာ စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသားများ စာခိုးချမှု နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ ကျောင်းသူကျောင်းသားတွေကို စာမေးခန်းထဲမဝင်မီ ရှာဖွေစစ်ဆေးမှာဖြစ်ပြီး စာမေးပွဲဖြေဆိုနေစဉ်မှာလည်း ဗီဒီယိုရိုက်ကူး မှတ်တမ်းတင် စောင့်ကြည့်နေမယ်လို့ သိရပါတယ်။
စာမေးပွဲလာရောက်ဖြေဆိုစဉ် စည်းကမ်းသတ်မှတ်ချက်ကို မလိုက်နာဘဲ ရှူးဖိနပ် သို့မဟုတ် ခြေအိတ်ဝတ်ဆင်လာပါက စာမေးပွဲခန်းအပြင်မှာ မတ်တပ်ရပ်ခိုင်းထားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စာခိုးချရာမှာ နာမည်ကြီးတဲ့ ဘီဟာပြည်နယ်မှာ စာခိုးချသူတွေကို ဖမ်းမိပါက ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်သွားမယ့် စည်းမျဉ်းသတ်မှတ်ချက်ကိုလည်း ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ရပါတယ်။ ဘီဟာပြည်နယ်မှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးကို စာခိုးချခဲ့ကြောင်း သံသယရှိမှုဖြင့် ဖမ်းဆီးခဲ့ပြီး စာမေးပွဲပြန်ဖြေစေခဲ့ရာ ကျရှုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာလည်း စာခိုးချတဲ့ ကျောင်းသူကျောင်းသား ၁,၆၀၀ ကျော်ကို ကျောင်းထုတ်ခဲ့ကြောင်း သိရပါတယ်။ စာခိုးချတဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းပြင်ပကနေ ကူညီပေးခဲ့တဲ့ မိဘ ၁၀၀ ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်အတွင်း ဘီဟာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ စာမေးပွဲစစ်ဆေးနေစဉ် ကျောင်းနံရံမှတွယ်တက်ပြီး ကျောင်းသူကျောင်းသားတွေ စာခိုးချနိုင်ရန် မိဘဆွေမျိုးတွေက ကူညီပေးခဲ့တဲ့ သတင်းဓာတ်ပုံဟာလည်း ကမ္ဘာ့သတင်းတွေမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။
ဘီဟာပြည်နယ် အာဏာပိုင်တွေက ၂၀၁၆ ခုနှစ်မှစပြီး စာခိုးချမှုတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုများဖြင့် ကိုင်တွယ်လာခဲ့ကြောင်း သိရပါတယ်။ ဘီဟာပြည်နယ်ရဲ့ စာမေးပွဲအောင်ချက်ဟာ ၂၀၁၄ ခုနှစ်မှာ ၇၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါတယ်။
အိန္ဒိယမှာ ကျောင်းစာမေးပွဲများ အောင်မြင်မှုဟာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အတွက် အရေးပါမှုအဖြစ် ယူဆထားကြပါတယ်။ ကျောင်းအပ်နှံမှုနဲ့ စာဖတ်နှုန်း မြင့်တက်လာခဲ့ပေမဲ့ အိန္ဒိယနိုင်ငံရှိ စာသင်ကျောင်းအများစုရဲ့ သင်ကြားမှုအရည်အသွေးမှာ မျှော်လင့်ထားသလောက် တိုးတက်ကောင်းမွန်လာခြင်း မရှိသေးကြောင်း သိရပါတယ်။
===========
Duwun
#ဖေအောင်

လည်ပတ်ရန်{ ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment