ဖြိုးကိုကိုတင့်ဆန်းအား ပုဒ်မအချို့တွင် တစ်ပေါင်းတည်း စစ်ဆေးသွားမည်
ACE ဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော်မှာ စွဲဆိုထားတဲ့ အမှုတွေထဲကမှ အချို့ပုဒ်မတွေကို တစ်ပေါင်းတည်း စစ်ဆေးဖို့အတွက် ခရိုင်တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊ လက်နက်ဥပဒေပုဒ်မ အစရှိတဲ့ ရာဇ၀တ်ကြီး အမှု ၁၀ မှုနဲ့ နေပြည်တော်မှာ တရားစွဲဆိုခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းရဲ့ အချို့ပုဒ်မတွေကို ပေါင်းစည်းစစ်ဆေးဖို့ ခရိုင်တရားသူကြီး ဦးလှဝင်းက ဇန်န၀ါရီ ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ရုံးထုတ်တရားခွင်အတွင်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့စွဲဆိုထားတဲ့ ရာဇ၀တ်ကြီးအမှု ၂/၂၀၁၈ နဲ့ ၃/၂၀၁၈ တို့ကိုတစ်ပေါင်းတည်းစစ်ဆေးမှာ ဖြစ်သလိုနိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲဆိုထားတဲ့ ၆/၂၀၁၈ နဲ့ ၇/၂၀၁၈ တို့ကို လည်း ပေါင်းစည်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဒုတိယခရိုင်တရားသူကြီးဦးခင်မောင်ထွေးက တရားခွင်အပြီး သတင်းစာရှင်းလင်းရာမှာ ပြောပါတယ်။
ပေါင်းစစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အမှုတွေဟာ တစ်နှစ်အတွင်းဖြစ်ပွားခဲ့တဲ့အမှုတွေဖြစ်သလို တရားခံတွေလည်း တူပြီး အမှုဖြစ်တဲ့ နေ့ရက်တွေလည်းတူတာကြောင့် ပေါင်းစည်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် အခြားအမှုတွေဖြစ်တဲ့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေနဲ့ စွဲဆိုထားတဲ့အမှုနှစ်မှု၊ပို့ကုန်သွင်းကုန်ဥပဒေ တစ်မှု၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှု တစ်မှု၊ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) နဲ့ နှစ်မှု တို့ကိုတော့ အခင်းဖြစ်နေ့ရက်ကွဲပြား ခြင်း၊သက်သေမတူခြင်းတွေကြောင့် ပေါင်းစစ်မှာမဟုတ်ဘူးလို့ ခရိုင်တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။
ဖြိုးကိုကိုတင့်ဆန်းရဲ့ နေပြည်တော်စတုတ္ထအကြိမ်ရုံးထုတ်မှာတော့ ဖြိုးကိုကိုတင့်ဆန်းအပါ (၈) ဦးကို ရုံးထုတ်ခဲ့တာ ဖြစ်ပြီး တရားလိုနှစ်ဦးဖြစ်တဲ့ ရဲမှူးဋ္ဌေးအောင် နဲ့ ဒုရဲမှူးမောင်မောင်စိုးသင်တို့ကို စစ်ဆေးခဲ့ပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းဖြစ်တဲ့ ဇန်န၀ါရီ (၃၁) ရက် မှာတော့ နောက်ထပ်တရားလိုနှစ်ဦးဖြစ်တဲ့ ရဲမှူးမင်းအောင်မြင့်ဦးနဲ့ ဒုရဲမှူးမြင့်စိုးတို့ကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒီသတင်း ကို နေပြည်တော်ဗျူရိုကကေသွယ်ဆန်း ကပေးပို့ထားပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb

No comments:
Post a Comment